မနေ့က ရန်ကုန်- နေပြည်တော်- မန္တလေး အဝေးပြေးလမ်းမကြီးပေါ် တက်လာတဲ့ ဆိုင်ကယ်တစီးကို လမ်းတံတားလုံခြုံရေးနဲ့ စည်းကမ်းထိန်းသိန်းရေးအဖွဲ့က လိုက်ဖမ်း၊ ၀ိုင်းရိုက်ကြရင်းက ဆိုင်ကယ်မောင်းသမားတယောက် နေရာတွင် ပွဲချင်းပြီး သေဆုံးသွားတယ်လို့ သတင်းရပါတယ်။
အခင်းဖြစ်တဲ့နေရာကတော့ အဝေးပြေးလမ်းမကြီးဘေး၊ မိုင်တိုင်အမှတ် ၁၉၂ နဲ့ ၄ ဖာလုံ၊ ၅ ဖာလုံလောက် အကွာနားမှာလို့ ဆိုပါတယ်။ သေဆုံးသွားသူ ဆိုင်ကယ်သမားကတော့ ဧလာ၊ ပိတောက်ချောင်းအုပ်စု၊ ချောင်းဇောက်ရိုး တဲစုရွာက အသက် (၃၀) အရွယ် ကိုကျော်မျိုး (ဘ) ဦးဖိုးထောင်လို့ သိရပါတယ်။
ကိုကျော်မျိုးဟာ အဖော်တယောက်နဲ့အတူ တခြားတရွာကို ကွမ်းသွားရောင်းဖို့ သွားရာမှာ အဝေးပြေးလမ်းအောက်က လယ်လမ်းတွေမှာ ရွှံ့ဗွက်တွေနဲ့ သွားမရဖြစ်နေလို့ အဝေးပြေးလမ်းပေါ် တက်မောင်းတာမှာ လမ်းတံတား လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လူ ၆၀ လောက်ကနေ ကား ၃ စီးနဲ့ လိုက်ဖမ်းတာလို့ မျက်မြင်တွေက ပြောပြပါတယ်။
“သူတို့ လူမိုက်တွေကို ဒီလို လိုက်ဖမ်းဖို့ မွေးထားတာ၊ အဲ့ဒီလူတွေလိုက်လာတော့ ကျော်မျိုးက လမ်းဘေးချလိုက်တယ်။ အဲ့ဒါကို ၀ိုင်းဖမ်းပြီး မြေလမ်းပေါ်မှာတင် ဓားနဲ့တယောက်က ထိုးလိုက်တာ။ ဓားက ၁၃ လက်မလောက်ရှိမယ်။ ရင်ဝမှာ ဓားတန်းလန်းနဲ့ နေရာတင် မှောက်လျက်ကြီး သေသွားတယ်။” လို့ မျက်မြင်တယောက်က ဧရာဝတီကို ပြောပြပါတယ်။
ပြစ်မှုကျူးလွန်တဲ့သူကို နေပြည်တော် လယ်ဝေးရဲစခန်းမှာ ထိန်းသိမ်းထားပြီး လူသေမှုပုဒ်မနဲ့ တရားစွဲဖို့ စီစဉ်နေတယ်လို့ တာဝန်ကျ ရဲအရာရှိတယောက်က ပြောပြပါတယ်။
ဒီ ရန်ကုန်-နေပြည်တော်-မန္တလေး အဝေးပြေးလမ်းပေါ်မှာ ယာဉ်မတော်တဆမှုတွေမဖြစ်အောင်ဆိုပြီး၊ အဝေးပြေးကားတွေ၊ အိမ်စီးကားငယ်တွေကလွဲလို့ တခြားယာဉ်တွေ မမောင်းရ၊ မဖြတ်ရဘူးလို့ စည်းကမ်းချက်တွေ သတ်မှတ်ထားပါတယ်။ ခိုးမောင်း၊ ခိုးဖြတ်တဲ့ ပတ်ဝန်းကျင်ရွာတွေက ဆိုင်ကယ်တွေ၊ လှည်းတွေကိုတွေ့ရင် လမ်းလုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က လိုက်ဖမ်းပြီး ဒဏ်ငွေတပ်တယ်လို့ ဆိုပါတယ်။
“ဒဏ်ငွေတပ်တဲ့အခါ တသိန်းပေးရင် ပြန်လွှတ်ပေးပါတယ်။ ကျနော်တို့ရွာတွေက တရွာနဲ့တရွာသွားချင်ရင် ဒီတလမ်းပဲ သုံးစရာရှိတယ်။ လယ်လမ်းတွေက အခုက မိုးရွာနေတော့ သွားလို့လာလို့ အဆင်မပြေတော့ ဒီလိုပဲ ခိုးသွားနေကြတာ။ သူတို့က လိုက်ဖမ်းတဲ့အခါ လူမိုက်တွေနဲ့ ၀ိုင်းလိုက်၊ ၀ိုင်းရိုက်ဆိုတာကတော့ မကောင်းဘူးပေါ့။ သူတို့ ဒီလိုလုပ်နေတာ လူကြီးတွေ သိစေချင်တယ်။ တလောကလည်း အဲ့လိုအရိုက်ခံရလို့ တယောက် နံရိုးကျိုးသွားသေးတယ်” လို့ ဒေသခံတယောက်က ပြောပြပါတယ်။
ရန်ကုန်-နေပြည်တော်-မန္တလေး အဝေးပြေးလမ်းမကြီးကို ၂၀၁၀ ခုနှစ်အတွင်းမှာ ဖွင့်ခဲ့ပါတယ်။ အရှည်မိုင်ပေါင်း ၃၅၀ ကျော်ရှိပြီး ရန်ကုန်-မန္တလေးကို ဒီလမ်းကသွားရင် ၇ နာရီနဲ့ ရောက်နိုင်မယ်လို့ဆိုပါတယ်။ ဒီလမ်းဖွင့်ပြီးကတည်းက လမ်းအသုံးပြုတဲ့ကားတွေ မတော်တဆ ထိခိုက်မှုဖြစ်တာတွေ၊ ကားသမားတွေက လမ်းရဲ့အချိုးအကွေ့တွေဟာ အန္တရာယ်ကြီးတဲ့အကြောင်း၊ ကွန်ကရစ်လမ်းဖြစ်လို့ ကတ္တရာလမ်းပေါ်မောင်းတာထက် တာယာတွေပျက်စီးလွယ်တဲ့အကြောင်း ဝေဖန်သံတွေ ကြား မကြာခဏ ကြားနေရပါတယ်။ လမ်းတံတား တာဝန်ရှိသူတွေကတော့ ယာဉ်မောင်းသူတွေရဲ့ မဆင်မခြင်မောင်းမှုတွေကြောင့်သာ ဒီလို ထိခိုက်မှုတွေဖြစ်ရတယ်လို့ ဆိုပါတယ်။
By....www.irrawaddyblog.com
No comments:
Post a Comment